,

WELCOME..... TO..အလင်းတန်း.... မှ....အားလုံး....ကို.... ကြိုဆို....နေပါတယ်,,,,,,,WE..... SUPPORT..... KIO/A,,,,,,,STANDBY.... FOR.... YOUR DUTY,,,,,,Jiwoi Jiwa Ni e Dudaw, Saihkaw Let Makawp Maga Hkinghtawng Jawda Sai, Ginru Ginsa Labau Htunghking Hte Nganggrin Nga Ai Chyurum,Dairum ai Jinghpaw Wunpawngsha Amyu Lakung Lama Yawng A Dailup Daihpang Lamu ga, Mungdaw Mungdan Wa Ya Daini Myen Hpyen Wa Up Sha nga ai lu?

Tuesday, February 22, 2011

တိုင်းရင်းသားတွေ တိုက်ပွဲဝင် တောင်းဆိုနေတာ ဖက်ဒရယ်ပါပဲ။ ခွဲထွက်ရေး မဟုတ်ပါဘူ

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် စစ်အစိုးရကို လက်နက်ကိုင် တိုက်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ မနှစ် နိုဝင်ဘာတွင် စုပေါင်း၍ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီ (Committee for Emergence of Federal Union-CEFU) ဖွဲ့စည်းခဲ့ ကြသည်။

ယင်းကော်မတီက ကျယ်ပြန့်သည့် တိုင်းရင်းသား ညီလာခံကြီးတခု ခေါ်ယူနိုင်ရန် ကြိုးစားနေသည်။ ကော်မတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဤညီလာခံသည် ပြည်တွင်း၌ NLD နှင့် တိုင်းရင်းသားပါတီများ ကြိုးစားနေသည့် ဒုတိယ ပင်လုံ ညီလာခံ သဘောမျိုးမဟုတ်ဟု ဆိုသည်။
အကြောင်းစုံကို သိရှိနိုင်ရန် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ နိုင်ဟံသာ ကို မဇ္ဈိမက မေးမြန်းထား သည်။
--------------------------------------------------------------------
ဆရာတို့ တိုင်းရင်းသားတွေ စုပြီး ညီလာခံလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က NLD ပြောတဲ့ ဒုတိယ ပင်လုံ ညီလာခံဆိုတာနဲ့ ရော ဘယ်လို ကွာခြားမှု ရှိမလဲခင်ဗျာ။

ဟိုတုန်းက ဗမာကိုယ်စားလှယ် နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ တွေ့ပြီးတော့ သဘောတူညီမှု ယူကြတဲ့ ၄၇ ခုက အဖြစ်ပျက်မျိုး ဒီနေ့အနေအထားမှာ ဗမာတွေနဲ့ တိုင်းရင်းသားတွေအကြား အရင်ကချမှတ်ခဲ့တဲ့ သဘောတူညီမှုအပေါ်မှာ အခြေပြုပြီး ပြန်လည်အကောင်အထည်ဖော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လို့ ကျနော်တို့ နားလည်တာလေ။ ဒါက အတွင်းပိုင်းက သူတို့ လုပ်နိုင်တဲ့ အဆင့်က နေပြီးတော့ လုပ်ကြတာပါ။
ကျနော်တို့ကတော့ အဲဒီလို မဟုတ်ဘူးဗျ။ ကျနော်တို့ ဒီနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေက များသောအားဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်နေကြတာပါ။ အဲဒါကလဲ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အတွက်ပေါ့လေ။

ကနေ့အနေအထားမှာ စစ်အစိုးရက အရင်က အပစ်အခတ်ရပ်စဲထားခြင်းကို ဖျက်ဆီးပြီှး ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာတဲ့ အပေါ်မှာ အပစ်ရပ်ထားတဲ့ အဖွဲ့တွေရော မရပ်တဲ့ အဖွဲ့တွေရော အားလုံးပေါင်းပြီးတော့ ဒီဟာတွေကို ကာကွယ်ဖို့ပေါ့နော်။ တဖက်က ကျနော်တို့ တိုင်းရင်းသား အားလုံး လိုလားတိုက်ပွဲဝင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာဖို့အတွက် အကောင်အထည် ဖော်ရာမှာ တိုင်းရင်းသားအချင်းချင်း ညီညွတ်ကြဖို့လိုတယ်။ တသံထဲ ထွက်ဖို့လိုတယ်။ စုစုစည်းစည်းနဲ့ စစ်အစိုးရရဲ့ ထိုးစစ်ကိုလဲ ခုခံနိုင်မယ်။ နိုင်ငံရေးအရလဲ ပြောတာဆိုတာ တစုတစည်းထဲ ဖြစ်လာမယ်ဆိုရင် ကျနော်တို့ အတွက် အားရှိလာမယ်။ အားရှိလာမယ့်အပေါ်မှာ တဖက်က ကျနော်တို့ တောင်းဆိုနေတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာရင်လဲ တိုင်းရင်းသားတွေရဲ့ ဒေါင့်ကနေပြီးတော့ တစုတစည်းထဲနဲ့ ကိုယ်စားပြု ပြောလို့ရမယ်။ အဲဒီအတွက် ကျနော်တို့ ပြင်ဆင်နေတာပါ။

ဒါဆိုရင် ပြည်တွင်းက ပါတီဖွဲ့ထားတဲ့ တိုင်းရင်းသားတွေရောပါဖို့ ရည်မှန်းထားပါသလား။

ပြည်တွင်းမှာရှိနေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကတော့ ကျနော်တို့နဲ့ လာပူးပေါင်းနိုင်မှာ မဟုတ်ဘူး ထင်တယ်လေ။ သူတို့ရပ်တည်နိုင်တဲ့ အနေအထားအရ အတွင်းမှာပဲ သူတို့ လှုပ်ရှားကြတယ်။ အခုဆိုရင် ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးပေါ့ဗျာ။ အဲဒီပုံစံနဲ့ သူတို့က လှုပ်ရှားနေကြတယ်။ ကျနော်တို့နဲ့တော့ မတူပါဘူး။

တိုင်းရင်းသား ၆ ဖွဲ့ပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီက ကျယ်ပြန့်တဲ့ တိုင်းရင်းသားညီလာခံ ခေါ်ဖို့ ကြိုးစားနေတာက ဘယ်အဆင့်ရောက်နေပြီလဲ ခင်ဗျ။

အဲဒါကို လုပ်ဖို့က အဓိကအားဖြင့်ကတော့ တိုင်းရင်းသားတွေရဲ့ အစုအဖွဲ့ တပ်ပေါင်းစုတွေဖြစ်တဲ့ NDF၊ ENC ရယ်၊ နောက် UNLD-LA အဲဒီအဖွဲ့တွေနဲ့ ကျနော်တို့ ညှိနှိုင်းပြီှး လုပ်သွားဖို့၊ တူညီတဲ့ ကိုယ်စားလှယ် အရေအတွက်နဲ့ ကျင်းပရေး ကော်မတီဖွဲ့ပြီးတော့မှ အဲဒီကျင်းပရေး ကော်မတီက လိုတဲ့ ပြင်ဆင်မှုတွေ လုပ်သွားဖို့ပေါ့လေ။

အဲဒီကော်မတီရဲ့ တာဝန်ကျတော့ရော ဘယ်လိုရှိပါသလဲ ခင်ဗျာ။

အဲဒါက ပြင်ဆင်နေတုန်း စီစဉ်နေတုန်းပဲ ဆိုပါစို့ဗျာ။ အဲဒီမှာ အကြံဉာဏ်တွေ စုဆောင်းထားမယ်၊ ညီလာခံအတွက် ပြင်ဆင်ထားမယ်၊ အဲဒီကော်မတီက တာဝန်ယူပြီးတော့ ဖိတ်မယ်။ ညီလာခံကို ဦးဆောင်သွားမယ်။ အဲဒီပုံစံမျိုးပေါ့ဗျာ။

NDF တို့ ENC တို့က အရင်တုန်းကလဲ လက်နက်ကိုင်တိုင်းရင်းသားတွေအကြားမှာ တသံထဲ ထွက်ဖို့ဆိုပြီးတော့ ဖွဲ့ကြတာပဲ မှတ်လား ဆရာ။ အခုရော ဘာကွာမှာလဲခင်ဗျာ။

အဲဒီလို ရည်ရွယ်ရင်းနဲ့ပေါ့ဗျာ။ လုပ်ရင်းလုပ်ရင်းနဲ့ ကနေ့ဆိုရင် NDF ကလဲ သီးခြားဖြစ်နေတယ်။ ENC ကလဲ သီးခြားဖြစ် နေတယ်။ ဒီနှစ်ခုကို ကျနော်တို့က တဖက်က စုစည်းပြီးတော့မှ တပုံစံထဲ ဖြစ်ဖို့ဆိုတဲ့ဟာမှာလဲ သူ့မူနဲ့ သူ့အခြေခံနဲ့ မတူညီ တဲ့ဟာတွေ ဖြစ်နေတယ်။ အဲဒါတွေ ရှိနေတဲ့အပေါ်မှာ ကနေ့ လောလောလတ်လတ် အပစ်အခတ် ရပ်စဲရေးတွေ ပျက်ပြီး စစ်ရေးအတွက် ပြင်ဆင်နေရတဲ့ ကာလမှာ ကျနော်တို့က ပုံစံသစ်နဲ့ တဖက်ကလဲ စစ်ရေးအရ ပြင်ဆင်ဖို့ လိုအပ်သလို နိုင်ငံရေးအရလဲ စုစည်းဖို့ လိုအပ်တယ်။ အဲဒီတော့ အရင်ကရှိတဲ့ တပ်ပေါင်းစုတွေမှာ သူတို့ အခြေခံအချက်အလက်တွေ ပေါ်မှာ ပြုလို့ပြင်လို့ ခက်တဲ့အနေ အထားမှာ အသစ်တခု ဖော်ထုတ်ပြီးတော့ အားလုံးစုစည်းနိုင်တဲ့ နည်းလမ်းကို ရှာတာပါ။

လက်နက်ကိုင် တိုင်းရင်းသားတွေ အများကြီးရှိတဲ့ကြားက လက်ရှိ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ မှာတောင် ၆ ဖွဲ့ပဲ ပါတယ်ပေါ့။ သူတို့ကို ထပ်ပြီး စုစည်းဖို့ ဘယ်လိုလုပ်မလဲခင်ဗျ။

အခုက NDF နဲ့ရော ENC နဲ့ရော စုပေါင်းပြီး အဲဒီ ကွန်ဖရင့်ကြီးကို ကျင်းပတဲ့အခါကျရင် တခြားတိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းတွေ၊ စစ်ရေးရော နိုင်ငံရေးရောရှိတဲ့အဖွဲ့အစည်းတွေ ဒါတွေအားလုံးပါဝင်နိုင်ဖို့ ကျနော်တို့ ဖိတ်ခေါ်မယ်။ သူတို့ပါ အဲဒီမှာ ဆွေးနွေးကြမယ်ပေါ့ဗျာ။ ကျနော်တို့ ရည်ရွယ်ထားတာကတော့ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသား တွေအားလုံး တစုတစည်းထဲဖြစ်ဖို့ ဦးတည်တာပါ။

၁၉၉၇-၉၈ လောက်က တိုင်းရင်းသားတွေအကြားမှာ မဲသရောထ သဘောတူညီချက်ဆိုတာလဲ ရှိတယ်နော်။ အဲဒါနဲ့ရော အဆက်အစပ်ရှိလား။

အဆက်အစပ်ရှိပါတယ်။ ၉၇ ခုနှစ်တုန်းက မဲသရောထမှာ တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ နှီးနှော ဖလှယ်ပွဲတခု လုပ်ခဲ့တယ်။ ဟိုတုန်းကတော့ နှီးနှောဖလှယ်ပွဲအဆင့်ပေါ့ဗျာ။ Seminar အဆင့်ပေါ့လေ။ အခုက အဆင့်မြှင့်ပြီးတော့ Conference ညီလာခံအဆင့်ကိုလုပ်ဖို့ ရည်ရွယ် ထားပါတယ်။ အဲဒီတုန်းကလဲ ဖက်ဒရယ်ပါပဲ။

တိုင်းရင်းသားတွေ စုစည်းဖို့ ကြိုးစားတာ အရင်တုန်းက မဲသရောထ တခုပဲလား။ တခြားရှိသေးလားခင်ဗျာ။
ကျနော်မှတ်မိသလောက် ဟိုး ၇၆ ခုမှာ တခါရှိခဲ့ဖူးတယ်ဗျ။ ဟိုတုန်းကတော့ မာနယ်ပလောမှာ လုပ်ပါတယ်။ အဲဒီမှာ ၁၃ ဖွဲ့တက်ကြတယ်ဗျာ။ အဲဒီကနေပဲ NDF ဆိုတာ ပေါ်လာတာလေ။ ကနေ့အထိ ကျနော်တို့ တိုင်းရင်းသားတွေ တိုက်ပွဲဝင်နေတာ၊ လှုပ်ရှားနေတာ၊ တောင်းဆိုနေတာ ဖက်ဒရယ် ပါပဲခင်ဗျ။ ခွဲထွက်ရေး မဟုတ်ပါဘူး။

၁၉၆၁ ခုမှာ တောင်ကြီးမှာလုပ်တဲ့ တိုင်းရင်းသားညီလာခံကိစ္စရော သိသလောက် ပြောပြပေးပါ လားခင်ဗျာ။

၆၁ မှာ တောင်ကြီးမှာ ကွန်ဖရင့်လုပ်တာက အဓိကအားဖြင့် ဖက်ဒရယ်မူကို အကောင်အထည်ဖော် ဖို့ပေါ့ဗျာ။ လွတ်လပ်ရေးတိုက်ပွဲမှာ တိုင်းရင်းသားတွေလဲ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်။ လွတ်လပ်ရေးရခါနီးမှာ မြေပြန့် ပြည်မနဲ့ တောင်တန်းဒေသက ချင်း၊ ကချင်၊ ရှမ်းတို့ စုစည်းပြီး ပင်လုံသဘောတူညီချက်ရခဲ့တယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့ နောက်မှာ အဲဒီသဘောတူ ညီချက်တွေ အခွင့်အရေးတွေ လုံးဝမပေါ်ပဲနဲ့ တိုင်းရင်းသားတွေဟာ ဗမာတွေရဲ့လက်အောက် မှာ ကျသွားတဲ့သဘော ဗမာတွေရဲ့ ကိုလိုနီသဘော ရောက်သွားတာကို မကျေနပ်လို့၊ အဲလိုမဖြစ်စေချင်လို့၊ တိုင်းရင်းသား တွေအကြား ညီညွတ်ရေး ပြိုကွဲနေမယ် အရင်ပြောခဲ့တဲ့ စကားအရ လွတ်လပ်ရေးရရင် ညီချင်းအကိုချင်း တန်းတူနေ သွားမယ် ဆိုတဲ့ သဘောထားကို အကောင်ထည် ဖော်ချင်လို့ တောင်ကြီးညီလာခံမှာ ဖက်ဒရယ်မူ တင်တာပါပဲ။
ဆရာတို့ရဲ့ မွန်ပြည်သစ်ပါတီက အပစ်ရပ်ထားတာပေါ့နော်။ အခု လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေနဲ့ လာပူးပေါင်း တော့ ဆရာတို့နယ်မြေထဲမှာရော စစ်ရေးတင်းမာမှုရှိနေလား ခင်ဗျာ။
ကျနော်တို့နဲ့ စစ်အစိုးရက ၂ဝ၁ဝ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အပစ်အခတ်ရပ်စဲရေး က ပျက်သွားပြီ။ သူတို့ဘက်က လဲ အသိအမှတ်မပြုတော့ဘူး။ ကျနော်တို့ဘက်ကလဲ သူတို့ကို တရားဝင် အသိအမှတ် မပြုတဲ့အပေါ်မှာ ကျနော်တို့ကလဲ ကျနော်တို့ဟန်နဲ့ ကျနော်တို့ ရပ်တည်ပြီး ဘဝတူမဟာမိတ်တွေနဲ့ ပေါင်းတာပေါ့ဗျာ။

တိုင်းရင်းသားတွေ စုစည်းမယ်လို့ ပြောကြတဲ့အခါမှာ ဗမာကလဲ တိုင်းရင်းသားတခု အနေနဲ့ ပါရမယ်လို့ ပြောနေတာတွေရှိ တော့ ဆရာတို့ကရော ဗမာက တိုင်းရင်းသားတခုအနေနဲ့ ရှိရမယ်လို့ ယူဆလား။ ဗမာတိုင်းရင်းသားရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်ပါလဲ။

အဖွဲ့အစည်း တခုခုက ဗမာတိုင်းရင်းသားတွေအနေနဲ့ ကိုယ်စားပြုပြီး ဒီကိစ္စမှာ ပါဝင်ပူးပေါင်းမယ် ဆိုရင် ကျနော်တို့ လက်ခံ ပါတယ်။ ဒါပေမဲ့ လက်ရှိ ကျနော်တို့နဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေက ဗမာတိုင်းရင်းသားကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း ရယ် လို့ မရှိသလို ဗမာအမျိုးသား အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း ဆိုတာလဲ မရှိဘူးဗျ။ သူတို့ကတော့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးအတွက်ကိုပဲ တိုက်ပွဲဝင်နေကြတာလေ။ ဒါကလဲ သူ့အခြေအနေအရ ပေါ့ဗျာ။ သူတို့မှာ အမျိုးသားရေး ဆိုင်ရာ အဖိနှိပ်ခံရမှုတို့၊ ဝါးမျိုခံရမှုတို့ မရှိတော့ဘူးလေ။ စစ်အာဏာရှင်စနစ်ကိုပဲ သူတို့ တိုက်နေရတာပါ။ ကျနော်တို့လို အမျိုးသား လွတ်မြောက်ရေး၊ အမျိုးသား အခွင့်အရေးအတွက် တိုက်နေရတဲ့ အနေအထားမျိုးလဲမရှိတော့ သူတို့မှာ အမျိုးသားရေးအတွက် ရပ်တည်စုဖွဲ့ထားတဲ့ အစုအဖွဲ့မျိုး မရှိတော့ဘူးဗျ။

တခြား ဆရာ ပြောလိုတာများ ရှိရင်လဲ ပြောပါခင်ဗျာ။
ကျနော်တို့ တိုင်းရင်းသားတွေ စုစည်းပြီးတော့ ဖက်ဒရယ်မူကိုပဲ တောင်းဆိုမှာပါ။ ကျနော်တို့နိုင်ငံ တိုင်းရင်းသားတွေကြားမှာ ဖြစ်ရှိနေတဲ့ မညီညွတ်မှုကို စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရနိုင်ဘူးလို့ ကျနော်မြင်တယ်။ စစ်ရေးနည်းနဲ့  ဖြေရှင်းလာတာ နှစ်ပေါင်း ၆ဝ ကျော်လာပြီဗျ။ ဘယ်အင်အားစု တခုကိုမှ စစ်ရေးနည်းနဲ့ ချေမှုန်းလို့ မရနိုင်ပါဘူး။ ဒီလိုကွဲပြဲနေတာကို ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့ ၄၇ ပင်လုံညီလာခံမှာ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အပေါ်မှာ စုစည်းခဲ့ကြတာလေ။ အဲဒီလိုပုံစံနဲ့ တကယ်လို့ ပြန်လည်စုစည်းမယ်ဆိုရင်တော့ အားလုံး ကတော့ ကြိုဆိုလက်ခံနေလျက်ပါ။

No comments:

Post a Comment

Post နဲ့ ပတ်သက်ပြီးထင်မြင်ချက်များကို ရေးသွားနိင်ပါတယ်၊