,

WELCOME..... TO..အလင်းတန်း.... မှ....အားလုံး....ကို.... ကြိုဆို....နေပါတယ်,,,,,,,WE..... SUPPORT..... KIO/A,,,,,,,STANDBY.... FOR.... YOUR DUTY,,,,,,Jiwoi Jiwa Ni e Dudaw, Saihkaw Let Makawp Maga Hkinghtawng Jawda Sai, Ginru Ginsa Labau Htunghking Hte Nganggrin Nga Ai Chyurum,Dairum ai Jinghpaw Wunpawngsha Amyu Lakung Lama Yawng A Dailup Daihpang Lamu ga, Mungdaw Mungdan Wa Ya Daini Myen Hpyen Wa Up Sha nga ai lu?

Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် ချထားရာမှ စစ်အစိုးရက ယနေ့ ညနေ ၅ နာရီ ၀န်းကျင်တွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံရှေ့တွင်လည်း လာရောက် စောင့်ဆိုင်းနေသော လူအုပ်မှာ ထောင်နှင့်ချီ၍ များပြားသည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရှေ့နေ ဦးဉာဏ်ဝင်း က စနစ်တကျ ဖြစ်ရန် မေတ္တာရပ်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ အိမ်အနီး ရောက်နေသူများက ပြောသည်။

လွတ်မြောက်လာပြီးနောက် ခြံဝမှ နေ၍ လူထုကို နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)

ဒေါ်အောင်ဆန်းစုကြည်သည် အင်္ကျီ လက်ရှည် ခရမ်းရောင် ဖျော့ဖျော့ကို ၀တ်ဆင်ထားကြောင်း၊ လာရောက်စောင့်ဆိုင်းသည့် လူထုထဲမှ ၎င်းအား သစ်ခွပန်းများပေး၍ ကြိုဆိုကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က ခြံဝသို့ ထွက်၍ လူထုကို နှုတ်ဆက် ကြောင်းလည်း သိရသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး လူထုကို နှုတ်စက်စကားစ၍ ပြောကြားသည်ဟု နားထောင်နေသူ ဧရာဝတီ သတင်းထောက် တဦးက ပြန်ပြောပြသည်။

“မတွေ့တာကြာပြီဆိုတော့ ပြောစရာတွေ အများကြီးရှိတယ်၊ အဲဒါတွေ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီ လာခဲ့ အသံချဲ့စက်နဲ့ ပြောမယ်”ဟု လူထုကို ဒေါ်အောင်ဆန်းစုကြည် က ပြောရာ လူထုက တခဲနက် အားပေးကြကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ဆိုသည်နှင့် လာရောက် စောင့်ဆိုင်းသည့် လူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဟု အော်ဟစ်၍ ၎င်း၏ ခြံရှေ့ကို ပြေးလာကြ ကြောင်း၊ လူအများစုမှာ ငိုကြပြီး တချို့ကလည်း ဘ၀မှာ အပျော်ဆုံးပဲဟု ပြောဆိုကြကြောင်း မျက်မြင်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးရောက်ရှိနေသော ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP) ဥက္ကဌ ဟောင်း ဦးဖြိုးမင်းသိန်းက“လူထု ခေါင်းဆောင် တယောက် လွတ်မြောက်လာတဲ့အတွက် အတိုင်းမသိ ၀မ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို လာရောက် စောင့်မျှော်နေသော် အမျိုးသမီး တဦးကလည်း“လင်တွေ သားတွေတောင် မေ့သွားတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက“ဥပဒေကြောင်းအရ ဆက်လက်ထိန်းသိမ်းလို့ မရပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအမှုနဲ့ ကျခံနေရတာ မဟုတ်ဘူး၊ ရာဇ၀တ်မှုနဲ့ကျခံနေရတာ ဖြစ်တယ်၊ အကယ်၍ မလွတ်ခဲ့ဘူးဆိုရင်တော့ ဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြသတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ရှေ့နေကြီး ဦးအောင်သိန်းကလည်း“အုပ်ချုပ်ရေးအာဏာနဲ့ ထောင်ချပြီးပြီ၊ အုပ်ချုပ်ရေးအာဏာနဲ့ ထိန်းသိမ်းထားတဲ့ အချိန်မှာ ထိန်းသိမ်းတဲ့ ဥပဒေကို ဖောက်ဖျက် တယ် ဆိုပြီး တရားရုံးပေါ်မှာ တရားစွဲ ပြစ်ဒဏ်ချပြီးပြီ၊ ပြစ်ဒဏ်ချတဲ့ အပေါ်မှာ အုပ်ချုပ်ရေး အာဏာအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က တ၀က် ပြစ်ဒဏ်ပဲချဖို့ ပြောထားတယ်၊ အဲဒီ တ၀က်ကိုလည်း ကောင်းမွန်စွာ နေရင် စောလွှတ်မယ်လို့ ပြောထားတာ၊ အခု အဲဒီ တ၀က်က ပြည့်ပြီ၊ လတ်တလောမှာ နောက်ထပ် ထပ်တိုးစရာတော့ မပေါ်နိုင်ဘူး၊ သေချာပေါက် လွှတ်ရ တော့မယ်”ဟု ပြောကြားထားသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး ၀န်းကျင်နှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ရှေ့တွင် သတင်းထောက်များ ၊ နိုင်ငံခြားသားများ အပါအ၀င် လာရောက်သည့် လူထုမှာ ထောင်ဂဏန်းနှင့်ချီ များပြားလာ၍ အဓိကရုဏ်း နှိမ်နင်းသည့် လုံထိန်း တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တားဆီးမှုများ ပြုလုပ်သောကြောင့် ယင်းလူအုပ်ကို NLD မှ အခြေအနေ ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက NLD ရုံးချုပ်သို့ ပြင်သစ် သံရုံး၊ ဗြိတိသျှ သံရုံး၊ သြစတြေးလျ သံရုံး စသည့် သံရုံးများမှ အနောက်တိုင်း သံ တမန်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သည့် ကိုယ်စားလှယ်လောင်းများလည်း လာရောက် ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကျခံနေရသည့် နေအိမ်အကျယ်ချုပ် ၁၈ လ သည် ယနေ့ ပြည့်ပြီ ဖြစ်သည်။

ထို့ကြောင့် ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်စောင့်ဆိုင်းနေသည့် လူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” “ ဒေါ်အောင်ဆန်း စုကြည် ချက်ချင်း လွှတ်”ဟူသော ကြွေးကြော်သံများကို ကြွေးကြော် ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ခု စက်တင်ဘာ ၂၇ ရက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တည်ထောင် ရာတွင် ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နေအိမ်တွင် နေအိမ်အကျယ်ချုပ် ချခံခဲ့ရပြီး ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။ ၂၀၀၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်သည် ထပ်မံ၍ နေအိမ်အကျယ်ချုပ် ၁၉ လ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။

၂၀၀၂ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် နိုင်ငံအနှံ့ ခရီးထွက်ပြီး လူထု တရားပွဲများကို ကျင်းပခဲ့ရာ ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံပြုထား သူများက တားဆီး ရိုက်နှက်ပြီးနောက်ပိုင်း နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ထပ်မံ၍ နေအိမ်အကျယ်ချုပ် တစ်နှစ် တိုးခံခဲ့ရသည်။ စစ်အစိုးရ က ဆက်လက်ပြီး၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ၁ နှစ် ထပ်မံ တိုး ခဲ့ပြန်သည်။

၂၀၀၉ ခုနှစ် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ် ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

No comments:

Post a Comment

Post နဲ့ ပတ်သက်ပြီးထင်မြင်ချက်များကို ရေးသွားနိင်ပါတယ်၊