ကျော်စွာမို
မြန်မာပြည်ရဲ့ နယ်စပ်မြို့ နှစ်မြို့ကို တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေက တိုက်ခိုက် သိမ်းပိုက်တာဟာ အနှစ် ၂၀ အတွင်း ထင်ရှားတဲ့ ဖြစ်စဉ်တခုပါ။ တကယ်တော့ ဒီတိုက်ခိုက်မှု တွေဟာ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကြောင့် ပေါ်ပေါက်လာရတာ ဖြစ်ပြီး ဒီတိုက်ပွဲတွေက တဆင့် တခြား ပဋိပက္ခတွေဆီ ကူးစက် သွားနိုင်ပါတယ်။
တနင်္ဂနွေနေ့မနက် ရွေးကောက်ပွဲ ကျင်းပနေချိန်မှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ က တပ်သားတွေ မြဝတီမြို့တွင်းကို ဝင်ရောက်ခဲ့ပြီး အစိုးရအဆောက်အဦ တွေကို သိမ်းပိုက်ခဲ့ပါတယ်။ နောက်တနေ့ မနက်မှာတော့ DKBA တပ်သားတွေဟာ ဘုရားသုံးဆူမြို့ကို သိမ်းပိုက်ခဲ့ ပြန်ပါတယ်။
DKBA တပ်တွေ မြဝတီမြို့ကို သိမ်းပြီး နာရီပိုင်းအတွင်းမှာ ဗိုလ်နှုတ်ခမ်းမွေးလို့ လူသိများတဲ့ တပ်မဟာ ၅ က ဗိုလ်မှူးကြီး စောလားပွယ်ကို ကျနော်တို့ ဧရာဝတီက စကားပြောခွင့် ရခဲ့ပါတယ်။
ဘာကြောင့် အခုလို ဝင်တိုက်ရတာလဲလို့ မေးတော့ သူက “မြဝတီက ပြည်သူတွေကို စစ်အစိုးရက အတင်း မဲပေးခိုင်းတယ်လို့ ကျနော်တို့ ကြားရပါတယ်။ ပြည်သူတွေက မသွားချင်တာကို သေနတ်နဲ့ ခြိမ်းခြောက်တယ်လို့လည်း ကျနော်တို့ ကြားရတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ တပ်သားတွေကို ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အခုလို မြဝတီမှာ တပ်ဖြန့်ထားတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
“ဒီရွေးကောက်ပွဲကနေ မြန်မာပြည်သူတွေ အတွက် ဒီမိုကရေစီ ဖော်ဆောင်ပေးမှာ မဟုတ်သလို တိုင်းရင်းသားတွေ အတွက်လည်း တန်းတူညီမျှမှုကို ဆောင်ကျဉ်းပေးမှာ မဟုတ်ဘူး။ ဒီမိုကရေစီ အစစ်မှမဟုတ်တာ၊ စစ်အစိုးရက အရေခွံလဲတာ သက်သက်ပဲ” လို့လည်း ဗိုလ်နှုတ်ခမ်းမွေးက ဆိုပါတယ်။
မြန်မာပြည်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေထဲက ၁၇ ဖွဲ့ဟာ လက်ရှိစစ်အစိုးရ အာဏာသိမ်းတဲ့ ၁၉၈၈ နောက်ပိုင်းက စလို့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-South) အပါအဝင် တခြား အဖွဲ့တွေကတော့ သူတို့ဒေသမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေကြဆဲပါ။
ဗိုလ်မှူးကြီး စောလားပွယ်ရဲ့ တပ်ဖွဲ့တွေဟာ KNU ကနေခွဲထွက်ပြီး ၁၉၉၅ မှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့တဲ့ DKBA တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ စစ်အစိုးရက အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေ အားလုံးကို အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးတဲ့အခါ တခြား DKBA ခေါင်းဆောင်တွေက သဘော တူပေမယ့် သူတို့က သဘောမတူတာမို့ DKBA ကနေ ခွဲထွက် ခဲ့ကြတာပါ။ အခု နောက်ဆုံး တိုက်ပွဲမှာ ဗိုလ်မှူးကြီး စောလားပွယ်ရဲ့ တပ်တွေကို KNU က အထောက်အပံ့ ပေးခဲ့တယ်လို့လည်း အများက ယူဆကြပါတယ်။
တနင်္ဂနွေနေ့က ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် သေနတ်သံ တိတ်နေတဲ့ နယ်စပ် ဒေသတွေမှာ စစ်မီးတွေ ပြန်လည် တောက်လောင်လာခဲ့ ပါတယ်။ ပိုပြီး စိုးရိမ်စရာ ကောင်းတာကတော့ ကရင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ တခြား တိုင်းရင်းသား ဒေသတွေဆီကို ပြန့်နှံ့သွားနိုင်တာပါ။ အဆိုးဆုံး အခြေအနေကတော့ မြန်မာပြည်မှာ ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့ တောက်လောင် လာနိုင်တာပါပဲ။
မြန်မာပြည် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်က စလို့ ဒီနေ့ အချိန်အထိ နိုင်ငံတွင်းမှာ ရှိကြတဲ့ တိုင်းရင်းသား အများစုမှာ ကိုယ်ပိုင် လက်နက်ကိုင် တပ်တွေ ရှိခဲ့ကြပါတယ်။
“အခုနောက်ဆုံး တိုက်ပွဲက အသစ်မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်နေတာ ဆယ်စုနှစ်နဲ့ ချီနေပြီလေ” လို့ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာ မနန်တူးဂျာက ဆိုပါတယ်။
“ဒီတိုက်ပွဲတွေဟာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ တခြား အတွင်းပိုင်း ပြဿနာတွေရဲ့ အကျိုးဆက်လို့ ကျနော်ထင်တယ်” လို့လည်း သူက ပြောပါတယ်။ ဒေါက်တာတူးဂျာရဲ့ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ကို စစ်အစိုးရက ရွေးကောက်ပွဲ ဝင်ခွင့် မပြုခဲ့ပါဘူး။ KIO က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ကို လက်မခံတာမို့ KSPP နဲ့ တခြား ကချင်ပါတီနှစ်ခုကို ရွေးကောက်ပွဲ ဝင်ခွင့် မပေးခဲ့တာလို့ အများက ယူဆကြပါတယ်။
စစ်အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေကြားမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရှိခဲ့ပေမယ့် တိုင်းရင်းသားဒေသ တော်တော်များများမှာတော့ ဘယ်သောအခါကမှ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှု မရှိခဲ့ပါဘူး။ ဒီလို မတည်ငြိမ်မှုနဲ့ ရံဖန်ရံခါ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ နယ်စပ်က ဒုက္ခသည်စခန်းတွေထဲမှာ တိုင်းရင်းသား ဒုက္ခသည် ၁၅၀၀၀၀ လောက် ခိုလှုံ နေကြတာလည်း ဆယ်စုနှစ်နဲ့ ကြာနေပါပြီ။
ပြီးခဲ့တဲ့ နှစ်ကလည်း စစ်အစိုးရက မြန်မာ - တရုတ်နယ်စပ်က ကိုးကန့်တပ်တွေကို တိုက်ခိုက်ခဲ့တာမို့ ကိုးကန့် - တရုတ် ဒုက္ခသည် ၃၇၀၀၀ လောက် တရုတ်နိုင်ငံထဲကို ထွက်ပြေး ခဲ့ရပါသေးတယ်။ ဒီတိုက်ခိုက်မှုဟာ ကိုးကန့်အဖွဲ့က နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆန်တာကြောင့် ဖြစ်ပါတယ်။
တိုင်းရင်းသား ဒေသတွေက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆီ ဦးတည်နိုင်ဖို့ စစ်အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေကြားမှာ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက စစ်အစိုးရကို ကမ်းလှမ်း ခဲ့ဖူးပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ ဒါကို လက်မခံခဲ့ပါဘူး။
၂၀၁၀ ရွေးကောက်ပွဲကို လက်မခံတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမား တချို့က ဒုတိယအကြိမ် ပင်လုံ ညီလာခံခေါ်ဖို့ ရွေးကောက်ပွဲ မကျင်းပခင် ၂ ပတ်အလို အောက်တိုဘာလထဲမှာ တောင်းဆိုခဲ့ကြပါတယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ဒီမိုကရေစီရေးတွေကို အာမခံနိုင်မယ့် ဖက်ဒရယ်စနစ်ကို တည်ထောင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလိုမျိုး တောင်းဆိုခဲ့ကြတာပါ။
ဒါပေမယ့် ဒီလိုညီလာခံမျိုး မကြာခင် ကျင်းပနိုင်မယ့် အလားအလာ မရှိပါဘူး။ ဒေါ်အောင်စုကြည် အနေနဲ့ နေအိမ် အကျယ်ချုပ်ကနေ လွတ်လာပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံရေး လုပ်ခွင့်ရှိ မရှိ ဘယ်သူမှ မသိပါဘူး။ တချိန်တည်းမှာလည်း ရှမ်းအမျိုးသား ခေါင်းဆောင် ခွန်ထွန်းဦး အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေဟာလည်း နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတာပါ။ စစ်အစိုးရဟာ ဒီခေါင်းဆောင်တွေကို တိုင်းပြည်ရဲ့ ပြဿနာတွေဖြေရှင်းဖို့ ဘယ်သော အခါကမှ ဒူးတိုက် ဆွေးနွေးခွင့် ပြုခဲ့တာ မဟုတ်ပါဘူး။
ရွေးကောက်ပွဲ ကိုယ်၌က ပြဿနာကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့တဲ့အပြင် တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ရလဒ်တွေကလည်း စစ်အစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေကြားက တင်းမာမှုတွေကို ပိုပြီး ကြီးထွားလာစေ နိုင်ပါတယ်။
ဒေါက်တာတူးဂျာက “KIA(ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ အစိုးရကြားမှာ တော်တော်လေး တင်းမာနေတယ်” လို့ ပြောပါတယ်။
“ပြဿနာတွေကို စစ်ရေးနည်းနဲ့ပဲ ဖြေရှင်းလာတာ ဆယ်စုနှစ်နဲ့ချီနေပြီ။ သွေးထွက်သံယိုမှုတွေတော့ ပိုပြီး ဖြစ်လာဦးမှာပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်တဲ့ အခွင့်အလမ်းက နည်းတာကိုး” လို့ သူက ဆိုပါတယ်။
No comments:
Post a Comment
Post နဲ့ ပတ်သက်ပြီးထင်မြင်ချက်များကို ရေးသွားနိင်ပါတယ်၊