,

WELCOME..... TO..အလင်းတန်း.... မှ....အားလုံး....ကို.... ကြိုဆို....နေပါတယ်,,,,,,,WE..... SUPPORT..... KIO/A,,,,,,,STANDBY.... FOR.... YOUR DUTY,,,,,,Jiwoi Jiwa Ni e Dudaw, Saihkaw Let Makawp Maga Hkinghtawng Jawda Sai, Ginru Ginsa Labau Htunghking Hte Nganggrin Nga Ai Chyurum,Dairum ai Jinghpaw Wunpawngsha Amyu Lakung Lama Yawng A Dailup Daihpang Lamu ga, Mungdaw Mungdan Wa Ya Daini Myen Hpyen Wa Up Sha nga ai lu?

Monday, November 29, 2010

ရဲရင့်သောနှလုံးသား


 ဂျူး

လောကတွင် လူသားများကို သေခြင်းတရားနှင့် ဆက်စပ်နှိုင်းယှဉ်၍ တိုင်းထွာကြည့်လျှင် လူအမျိုးအစားများကွဲပြားလျက်ရှိသည်ကို ကျွန်မ တွေ့ရပါသည်။ လူသည် သေလွန်ပြီးနောက်တွင် လောကမှ ပျောက်ကွယ်သွားရမြဲဖြစ်သည် ဟူသောဆိုရိုးစကားအတိုင်း သာဘာဝကျစွာပင် သာမန်လူဖြစ်နေသော လူသားအမျိုးအစားကတစ်မျိုး၊ ထိုလူမျိုးစားသည် မသေမှီလောကထဲ​၌ ရှင်သန်လှုပ်ရှား ဆက်သွယ်နေခဲ့ပြီး သေသွားလျှင် ပတ်ဝန်ကျင်မှ လူရော နာမည်ရော ဘာမှမကျန်အောင် ပျောက်ကွယ်တိမ်မြုတ်သွားလေ့ရှိသည်။ နောက်တစ်မျိုးကတော့ ထူးဆန်း၏ ၊ သူတို့သည် မသေဆုံးမှီကပင် သေဆုံးပြီးသား၊ လောက၏ အမှိုက်သရိုက်လူစားများဖြစ်သည်။ ထိုလူအမျိုးအစားတစ်ယောက် တကယ်သေဆုံးသွားသည့်အခါ ပတ်ဝန်းကျင်သည် ပျင်းရိငြီးငွေ့စွာ အသိအမှတ်ပြုကြသည်။ 
အခုမှသေသွားသည်ဟု သိကြရသော်လည်း သူတို့စိတ်ထဲတွင် ထိုပုဂိုလ် သေဆုံးပြီးပြီဟု ကာလကြာမြင့်စွာထင်နေခဲ့သောကြောင့် ဖြစ်သည်။ ထိုပုဂိုလ်မျိုးသည် သေပြီးသော်လည်း ထပ်ကာထပ်ကာ သေ၍ မဆုံးနိုင်သော လူသားအမျိုးအစားမျိုးဖြစ်၏ ။ ထိုလူသား အမျိုးအစား အတွက် ကျွန်မတို့ မြန်မာဝေါဟာရ၌ အလွန်ပြောင်မြောက်သော ရှေးစကား အသုံးနှုံးတစ်ခုရှိပါသည်။ ဆန်ကုန်မြေလေးတဲ့။ ထိုလူသားအမျိုးစားနှင့် ဆန့်ကျင့်ဘက် လူသားတစ်မျိုးကတော့ ပြည်သူလူထုက အားကျချီးမွမ်းသော၊ လေးစားဂုဏ်ယူသော လူမျိုးဖြစ်သည်။ ထိုလူသည် အသက်ရှင်နေထိုင်သမျှ ကာလတွင် လူသားထု ကောင်းကျိုးချမ်းသာ အတွက်သက်သက်သူ့ဘ၀ကို ရပ်တည်ပြီး လူသားထု​၏ အကျိုးအတွက် သူ့အသက် သေဆုံးရတတ်ကာ သေဆုံးပြီးနောက်တွင်လည်း သူသည်နှစ်ပေါင်းများစွာ ဆက်လက်အသက်ရှင် ကျန်ရစ်မည့် ဘယ်တော့မှ မသေသော လူအမျိုးစားဖြစ်သည်။ ထိုလူအမျိုးအစား၏ အကောင်းဆုံး ဥပမာမှာ အာဇာနည်များ ဖြစ်ပါသည်။ သိပံပညာရှင်များ၊ အနုပညာရှင်များကိုလည်း ထိုအမျိုးအစားထံမှာ ပါဝင်သတ်မှတ်၍ရလိမ့်မည် ထင်သည်။

အာဇာနည်ဟူသော ပုဂိုလ်များသည် ကျွန်မတို့သာမန်လူများနှင့် ကိုယ်ခန္စာတည်ဆောက်ပုံ၊ ကြီးပြင်းရင့်ကျက်ရသည့်ပတ်ဝန်းကျင်၊ ခွန်အားဗလနှင့် ဦးနှောက်ဖွံ့ဖြိုးမှု အတူတူပဲဖြစ်၏ ။ အာဇာနည်ပုဂိုလ်မှာ ထူးခြားစွာကွဲပြားနေသည့်အရာမှာ စိတ်ဓာတ်တစ်ခုသာဖြစ်သည်။ ကျောက်သား ကျောက်စိုင်ကဲ့သို့ မယိမ်းမယိုင် မြဲမြံခိုင်မာသည့် စိတ်ဓာတ်ခွန်အား ရှိသည်။ ကိုယ်ကာယ ဆင်းရဲနာကျင် ဖြားယောင်း သွေးဆောင်မှုနောက်သို့ မလိုက်ပါမိအောင် ငြင်းဆန်ရပ်တည်လျက် ကိုယ့်အလိုဆန္ဒကို ကိုယ်အောင်နိုင်သော စိတ်ဓာတ်၊ ထိုစိတ်ဓာတ် ခွန်အားမျိုးကို သူတို့ဘယ်ကရခဲ့ပါသလဲ။ ဘယ်သူက၊ ဘယ်အရာက သူတို့အား ပေးအပ်ခဲ့ပါသလဲ။ အလွန်စိတ်ဝင်စားဖို့ ကောင်းသောအချက် ဖြစ်သည်ဟု ကျွန်မထင်သည်။

လွန်ခဲ့သော တစ်လ နှစ်လခန့်က ကျွန်မကြည့်ခဲ့မိသော ရုပ်ရှင်ဇာတ်ကားများပနက် တိုက်တိုက်ဆိုင်ဆိုင် အာဇာနည်လူသားအမျိုးအစား အကြောင်းရိုက်ကူးထားသည့် ဇာတ်ကားနှစ်ခုပါဝင်ခဲ့ပါသည်။ တစ်ခုမှာ ဒုတိယကမ္ဘာ့စစ်အတွင်းက သူရဲကောင်းအာဇာနည် အဖြစ်ရပ်တည်ခဲ့သော ဟန်ဂေရီဂျူးအမျိုးသမီးကလေး ဟန်နာဆနက်ရှ် အကြောင်းဖြစ်၏ ဒိုင်ယာရီပါ အချက်အလက်များနှင့် Yoel Palgi ဟူသော စစ်ပြန်တော်လှန်ရေးသမားတစ်ဦး၏ စာအုပ်ပါ အချက်အလက်များ ပေါင်းစပ်ဖွဲ့စည်းကာ ဒါရိုက်တာ မန်နာဟင် ဂိုလန် (Menahem Golan) ရိုက်ကူးခဲ့သည့် Hanna’s War ရုပ်ရှင်ဇာတ်ကားဖြစ်ပါသည်။ နောက်တစ်ကားမှာ မဲလ်ဂစ်ဘ်ဆင်ဖလင် အတွက် ရုပ်ရှင်သရုပ်ဆောင် မဲလ်ဂစ်ဘ်ဆင် (Mel Gibson) ကိုယ်တိုင်ရိုက်ကူးသော Brave heart ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ သရုပ်ဆောင်မဲလ်ဂစ်ဘ်ဆင် (Mel Gibson) နှင့် ပြင်သစ်မင်းသမီး ဆိုဖီမာဆိုး (Sophie Marshal) တို့ပါဝင်ထားကြသည်။ ၁၈ ရာစုအတွင်းက စကော့တလန်သူရဲကောင်းအာဇာနည် ၀ီလျမ်ဝေါလေ့စ်အကြောင်းကို ပီပြင်စွာသရုပ်ဖော်ရိုက်ကူးထားသော Brave heart ဇာတ်ကားဖြစ်ပါသည်။ ဇာတ်ကားနှစ်ကားလုံးသည် မိမိနိုင်ငံ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည်လူသားများ အကြောင်းပင်ဖြစ်သည်။

Hanna’s War ရုပ်ရှင်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဟန်ဂေရီနိုင်ငံနောက်ခံဖြင့် ရဲရင့်သော မိန်းမငယ်ကလေး ဟန်နာဆနက်ရှ်ကို ကျွန်မတို့ တွေ့မြင်ရပါသည်။ ဟန်ဂေရီနိုင်ငံအတွင်း လူမျိုးရေးသွေးခွဲမှုကြောင့် အနုပညာဘာသာရပ်ဖြင့် တက္ကသိုလ်ဝင်ခွင့်ရပြီးမှ ငြင်းပယ်ခံလိုက်ရသော ဂျူးအမျိုးသမီးလေး ဟန်နာဆနက်ရှ်သည် မိမိ၏ တက္ကသိုလ်အဖြစ် ပါလက်စတိုင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်ကို ရွေးချယ်လိုက်သည်။ မုဆိုးမဖြစ်သူ မိခင် မစ္စစ်ဆနက်ရှ်သည် သမီးဟန်နာအား စိတ်မချစွာဖြင့် ရေမြေခြားသော အစ္စရေးသို့ လွှတ်လိုက်ရသည်။ ဟန်နာသည် မိမိအား တစ်ချိန်က ချစ်ခွင့်တောင်းခဲ့ပြီး လူမျိုးရေးသွေးကွဲမှုတွင် မိမိဘက်မှ မရပ်တည်သော လူငယ်တစ်ဦးအပေါ် ပြတ်သားစွာ မျက်နှာလွှဲခဲ့သူဖြစ်သည်။ ပါလက်စတိုင်းသို့ ရောက်သောအခါ ဟန်နာသည် မိမိကိုယ်မိမိ အိမ်ပြန်ရောက်ပြီဟု ခံစားခဲ့ရ၏ ။ ဟန်နာတို့ ကျောင်းသူကျောင်းသားများအားလုံး စိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း လက်တွေ့လုပ်ကိုင်ရင်း ပျော်ရွှင်နေဆဲမှာ ဒုတိယကမ္ဘာစစ်ကြောင့် ဖရိုဖရဲဖြစ်ခဲ့ရသည်။ ဟန်ဂေရီနိုင်ငံသား လူငယ်များနှင့်အတူ ဟန်နာသည် နာဇီဂျာမဏီကို တော်လှန်ရန် ဗြိတိသျှလေတပ်မတော်သို့ ၀င်ရောက် အမှုထမ်းခဲ့၏ ။ ဟန်နာတို့၏ ပထမဦးစားပေး တာဝန်မှာ ဗြိတိသျှ လေတပ်ဗိုလ် လေထီးစစ်သားများကို ကူညီကယ်တင်ရန် ဖြစ်သည်။ ဗြိတိသျှစစ်တပ်ကို ကူညီခြင်းသည် မိမိတို့ ဟန်ဂေရီအား သိမ်းပိုက်ထားသော နာဇီဂျာမန်များအား တော်လှန်တိုက်ခိုက်ခြင်းပင်  ဖြစ်သည်။ ထို့ကြောင့် ဟန်နာသည် တာဝန်ကို သက်စွန့်ဆံဖျားထမ်းဆောင်ခဲ့လေသည်။ ဂျာမန်တို့ ဘူဒါပတ်စ်ကို သိမ်းပိုက်ပြီးသောအခါ ဟန်နာတို့ အဖွဲ့သည် ယူဂိုဆလားဗီးယား ပျောက်ကျားတပ်၏ အကူအညီဖြင့် ဘူဒါပတ်စ်သို့ သွားရန် ဟန်ဂေရီနိုင်ငံထဲသို့ ၀င်ရောက်ကြသည်။ Silos ဘူတာရုံတွင် လက်မှတ်ဝယ်နေစဉ် ဂျာမန်များရောက်လာပြီး ဟန်နာနှင့် အဖော်ကို ဆက်သွယ်ရေးစက်များနှင့်အတူ မိသွား၏ ။ ဟန်နာ့ အဖေါ် အမျိုးသားကြီးသည် ခုခံကာကွယ်ရင်း မိမိကိုယ်မိမိ ပစ်သတ် အဆုံးစီရင် သွားသည်။ ဟန်နာသည်ရေလောင်း အိမ်သာထဲသို့ စာရွက်စာတမ်းများ ပစ်ချဖျက်ဆီးပြီးနောက် တံခါးကိုအပြင်မှ တွန်းထိုးဖွင့် နေစဉ် မိမိကိုယ်မိမိ သတ်သေရန် သေနတ်ဖြင့် ချိန်ရွယ် ကြိုးစားသေး၏ ။ ထို့နောက် အသက်ရှင်လမ်းကို ရဲရင့်စွာရွေးချယ်လိုက်ပြီး ဂျာမန်တို့၏ ဖမ်းဆီးမှုကို ခံလိုက်လေသည်။ 

ထိုအချိန်မှစ၍ စန်နာ၏ အညှင်းပန်း အနှိပ်စက်ခံဘ၀ကို ကျွန်မတို့ ထိပ်လန့်ချောက်ချားစွာ သနားဂရုဏာသက်ရပါသည်။ ဂျာမန်တို့သည် ဟန်နာအား ဗြိတိသျှစစ်ဗိုလ်များအကြောင်း၊ ဟန်နာ၏ လျှို့ဝှက်သင်္ကေတများနှင့် ဟန်နာ၏ အမည်စာရင်းကို မေးမြန်းကာ မညှာမတာ နှိပ်စက်ညှဉ်းပန်း ကြသည်။ နာဇီလက်အောက်ခံ ဟန်ဂေရီစစ်ဗိုလ် တစ်ယောက်က ဟန်နာအားငြင်သာပျော့ပျောင်းသည့် နည်းဖြင့် ကူညီမေးမြန်းခဲ့၏ ။ သို့သော်ဟန်နာသည် ခေါင်းမာစွာပင် အားတင်းရင်ဆိုင်ခဲ့သည်။ ဟန်နာ့ထံမှ လိုချင်သော အချက်အလက်ကိုရဖို့ မည်သည့်နည်းဖြင့်မဆို သုံး၍ မေးမြန်းပါဟု ထိုစစ်ဗိုလ် ဂျူလီယန်ဆိုင်မွန်က အမိန့်ပေးသွား၏ ။ ဟန်နာ့ကို တာဝန်ခံ၍ စစ်ဆေးမေးမြန်းသူ သောမတ်စ်ရိုဆာက လျှပ်စစ်ဖြင့် နှိပ်စက်မေးမြန်းသောအခါ ဟန်နာ့အမည်အရင်းရသွားသည်။ ဟန်နာ၏ မိခင်ဖြစ်သူမှာ ကက်သိုလစ်ဘာသာဝင် အင်္ဂလိပ်လူမျိုး တစ်ဦးဖြစ်သောကြောင့် ဂျူးလူမျိုးများကဲ့သို့ တစ်တန်းတစ်စားတည်း နှိပ်စက်သတ်ဖြတ်မည် မဟုတ်ဟု ဟန်နာယုံကြည်သည်။ ဟန်နာသည်မိမိ၏ နာမည်ရင်းမှ တစ်ပါး အခြားဘာစကားလုံးမှ မထွက်အောင် ဆင်းရဲဒုက္ခကြားမှ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သည်။ 
ဟန်နာရှိရာ ကွန်တီအကျဉ်းထောင်သို့ ခေါ်လာပြီး ဟန်နာ့အား တစ်မျိုးခြိမ်းခြောက်ကြလေသည်။ မိမိထံမှသတင်းများမရလျှင် မိခင်ကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်သည်။ ဟန်နာသည်မိခင်အား အထပ်ထပ်ငိုကြွေးတောင်းပန်၏ ။ သို့သော်စကားတစ်ခွန်းမှ မပြောပေ။ မိခင်ကြီးသည် တစ်ညတာ အချုပ်ခန်း၌ အိပ်စက်ရစဉ် သမီးဟန်နာ မိမိကြောင့် သစ္စာမဖေါာက်ရစေဖို့ ကိုယ့်ကိုကို သတ်သေမည်ဟု ဆုံးဖြတ်ပြီး မှန်ကွဲစဖြင့် မိမိလက်ကောက်ဝတ်ကို လှီးသည်။ ဘေးမှအိပ်ပျော်နေသော ဂျူးအမျိုးသမီး အချုပ်သားများ သိသွားကြပြီး ဟန်နာ့မိခင်ကို ၀ိုင်းဝန်းပြုစုဖျောင်းဖျကြ၏ ။

သိပ်မကြာမီ စစ်ကြီးပြီးသွားတော့မှာ၊ ကျွန်မတို့ခွန်အားဆက်ရှိနေမှဖြစ်မယ်လေ၊ မသေရဘူး၊ ရှင်သေလို့ဘယ်ဖြစ်မလဲ အားတင်းစမ်းပါ။ ဂျာမန်တို့သည် ဟန်နာ့မိခင်အား အချုပ်ခန်းမှ ပြန်လွှတ်လိုက်ရသည်။ ထောင်တွင်းမှာ ဆက်လက်အသက်ရှင်ရပ်တည်ရင်း ဟန်နာသည်မှန်အလင်းရောင်ဖြင့် အချက်ပြခြင်းကို အဓိပ္ပာယ်ကောက်မိပြီး မိမိအဖွဲ့ဝင်ယိုဝယ်လ်လည်း ဤထောင်တွင်ရှိနေကြောင်း သိလိုက်ရသည်။ ဟန်နာသည်ထောင်ထဲရောက်သည့်အချိန်မှစ၍ ပထမအကြိမ်ပျော်ရွှင်သွား၏ ။ ယိုဝယ်လ်နှင့်ဟန်နာသည် မှန်ဖြင့်တစ်ခန်းနှင့် တစ်ခန်း အချက်ပြစကားပြောကြ၏ ။ တစ်ညမှာတော့ ဟန်နာ့အချုပ်ခန်းစောင့် အဘိုးကြီးထံမှတစ်ဆင့် ၀မ်းသာစရာ သတင်း သိရသည်။ မိမိတို့အားလုံးကို မနက်ဖြန်တွင် လွှတ်ပေးတော့မည်။ ဟန်နာတို့ အကျဉ်းသားများအားလုံး ပျော်ရွှင်စွာ၊ ဆူညံစွာ တစ်ခန်းကိုတစ်ခန်း လှမ်းအော်အသိပေးကြ၏ ။

ဟန်ဂေရီအစိုးရအုပ်ချုပ်ရေးတွင် ခေါင်းဆောင်အသစ်တစ်ယောက် တက်လာသည်။ အကျဉ်းသားများကို ထောင်မှလွှတ်ကာ တစ်နေရာရာသို့ ခေါ်ဆောင်သွားရန် ထရပ်ကားများဖြင့် တင်ဆောင်၍ အော်ဟစ် မောင်းနှင်နေချိန်တွင် ဟန်နာနှင့် ယိုဝယ်လ်တို့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ချိန်ရသွား၏ ။ ဟန်နာတို့အားလုံး သုံ့ပန်းစခန်းများဆီ ပို့ပေးပြီး ဂျာမန်တို့က သတ်ပစ်တော့မည်ဟု ကျွန်မတို့က (သမိုင်းဖြစ်ရပ်များအရ) နားလည်လိုက်ပါသည်။ ထိုအချိန်တွင် ဟန်ဂေရီစစ်ဗိုလ် ဂျူလီယန်နှင့် သောမတ်စ်တို့က ဟန်နာအား ဂျာမန်များလက်တွင် အသေခံနိုင်ဟု ပြန်ခေါ်ကာ ရုံတင်တရားစွဲလိုက်လေသည်။ ဟန်နာသည် ဟန်ဂေရီအစိုးရကို သစ္စာဖောက်မှု၊ ဗြိတိသျှတို့ကို ကူညီမှုတို့ဖြင့် တရားရင်ဆိုင်ရတော့သည်။ ယိုဝလ်သည် ဟန်နာအား သီးသန့်ဖမ်းဆီး ခေါ်ဆောင်သွားသည်ကိုမြင်လိုက်ရသဖြင့် ညတွင် မိမိတို့အကျဉ်းသားများ တင်ဆောင်ထားသော ကျပ်သိပ်နေသည့် ရထားတွဲထဲမှ သူငယ်ချင်းနှင့်အတူ ထွက်ပြေး လွတ်မြောက်လာသည်။ ဟန်နာကို တရားစီရင်သော ရုံးခန်းရှေ့တွင် ပရိသတ်နှင့်အတူ မယောင်မလည်စူးစမ်းနားစွင့်ကြသည်။ 

ဟန်နာသည် မိမိအား သစ္စာဖောက်ဟု စွပ်စွဲသည့် အုပ်ချုပ်ရေးအဖွဲ့အား ရဲဝဲ့စွာပြန်လှန် စွပ်စွဲလိုက်သည်။
အပြစ်မှ လွှတ်ပေးပါရန် ၀န်ချတောင်းပန်စကားများအစား ဟန်နာသည် အမှန်တရားကိုသာရဲဝံစွာ ရုရှစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုအကြားမှ ဟန်နာကို သေနတ်ဖြင့် ပစ်သတ်ကွပ်မျက်လိုက်ကြသည်။ ဟန်နာသည် မျက်နှာကို အ၀တ်စည်းရန် လက်မခံခဲံပေ။ ယောင်္ကျားကြီး လေးငါးယောက်ပါဝင်သော စစ်တပ်ကလေးတစ်စုက အသက်နှစ်ဆယ်အရွယ် နူးညံ့ပျော့ပျောင်းသည့် မိန်းကလေးငယ်တစ်ဦးအား သေနတ်များဖြင့် ပစ်သတ်ကွပ်မျက်လိုက်သည့် မြင်ကွင်းမှာအတော်နာကြည်းဖို့ကောင်းသည်။

အနှေးပြရိုက်ချက်များဖြင့် ဟန်နာတစ်ယောက်နှင်းတောထဲမှာ အ၀တ်စကလေးတခုကို ပုံလျက်သား လဲကျသွားသည်မြင်ကွင်းကို ကြည့်ပြီး ကျွန်မရင်ထဲသို့ ရောက်လာသော အတွေးတစ်ခုရှိသည်။ ပစ်မိန့်ပေးသူ ဟန်ဂေရီစစ်ဗိုလ်ဂျူလီယန်ဆိုင်မွန်သည် မိမိအမိန့်အတွက် အရှက်ကြီးစွာ နောင်တရရင်း မိမိ၏ ဘ၀ကို ခက်ခဲစွာ ဆက်လက်ရပ်တည်ရတော့မည်ဟူသော အတွေးဖြစ်သည်။ သို့သော် ဇာတ်ကားပြီး၍ စာတန်းထိုးသောအခါ ကျွန်မ၏ အထင်သည် သွက်သွက်ခါအောင် မှားခဲ့ပါလားဟု ရယ်မောမိ၏ ။ 
ဂျူလီယန်ဆိုင်မွန်သည်ဟန်နာ့ကို ပစ်သတ်ဖို့ အမိန့်ချခဲ့သည့်အတွက် နည်းနည်းမှ မရှက်ခဲ့ပေ။ 

စစ်ပြီးသောအခါ သူ့ကိုဖမ်းချုပ်ပြီး ထောင်ဒဏ်တစ်နှစ် အပြစ်ပေးခံရ၏ ။ သူကို အင်တာဗျူးလုပ်သောအခါ သူ့အဖြေမှာ အောက်ပါအတိုင်းဖြစ်သည်။ ကျူပ်ဘ၀ကို နောက်ထပ်အသစ်ပြန်စရမယ်ဆိုရင်လဲ အခုကျူပ်လုပ်ခဲ့တဲ့ ကိစ္စတွေကို နည်းနည်းမှ ပြန်မပြင်ချင်ပါဘူး၊ ဟန်နာဆိုတဲ့ ကလေးမဟာ ချီးကျူးစရာပဲ၊ ဒါပေမဲ့ သူက သူ့လမ်းသူရွေးချယ် သွားခဲ့တာပဲ ဂျူလီယန်လိုလူမျိုးက ဟန်နာ့ကို သစ္စာဖောက်အဖြစ် စွပ်စွဲသည်မှာတော့ ကြား၍ပင်မတော်သည့် ကိစ္စဖြစ်သည်။ ဟန်နာသည် အသက်သေဆုံးရသည်အထိ နာကျင်ရမည့်အဖြစ်ကို ကျွန်မတို့လူသာမန်တွေ ကြောက်သလို ကြောက်ရှာပေလိမ့်မည်။ သို့သော် ထိုကြောက်ရွံ့မှုကို တွန်းလှန်ကာကွယ်ဖို့ သူမမှာ စွမ်းအားတစ်ခု အဆင့်သင့်ရှိခဲ့သည်။ ၎င်းမှာ ဟန်ဂေရီနိုင်ငံကို မိမိအသက်ထက်ပို၍ ချစ်သော တကယ့်မျိုးချစ်စိတ်ဖြစ်သည်ဟု ကျွန်မယူဆပါသည်။
                                                                                                                                               
ဂျူး


No comments:

Post a Comment

Post နဲ့ ပတ်သက်ပြီးထင်မြင်ချက်များကို ရေးသွားနိင်ပါတယ်၊