,
WELCOME..... TO..အလင်းတန်း.... မှ....အားလုံး....ကို.... ကြိုဆို....နေပါတယ်,,,,,,,WE..... SUPPORT..... KIO/A,,,,,,,STANDBY.... FOR.... YOUR DUTY,,,,,,Jiwoi Jiwa Ni e Dudaw, Saihkaw Let Makawp Maga Hkinghtawng Jawda Sai, Ginru Ginsa Labau Htunghking Hte Nganggrin Nga Ai Chyurum,Dairum ai Jinghpaw Wunpawngsha Amyu Lakung Lama Yawng A Dailup Daihpang Lamu ga, Mungdaw Mungdan Wa Ya Daini Myen Hpyen Wa Up Sha nga ai lu?
Wednesday, November 17, 2010
ပြည်ထောင်စုတွင်းမှ တန်းတူသောရှမ်းပြည်
တောင်ကြီး ဦးထွန်းမြင့်
လူသည် သဘာဝအားဖြင့် နိုင်ငံရေးသတ္တ၀ါဖြစ်သည်အရစ္စတိုတယ် က ဆိုသည်။
          ကျွန်တော် သည်လည်း နိုင်ငံရေးသတ္တ၀ါတစ်ကောင်ပင်ဖြစ်သည်။ ဆိုင်းသံကြားလျှင် ကချင်သူကဲ့သို့ ကျွန်တော်သည်လည်း ကိုယ်ရေးကိုယ်တာ အကြပ်အတည်းတွေကြားမှ ရှမ်းပြည် အမျိုးသားရေးလှုပ်ရှားမှူ့များ တလှုပ်လှူပ်ဖြစ်တိုင်းထ၍ က ချင်ပါသည်။
          ရှမ်းပြည်အမျိုးသားရေးရာ လှူပ်ရှားမှု့ကြီးသည် ဒီရေအလား တစ်လှိမ့်လှိမ့်တက်လျှက်ရှိလာလေပြီ။ရှမ်းဆိုးဟုခေါ်ဝေါ်နေသည့် ရှမ်းသူပုန်ထမှူ့ ကြီးသည်လည်း ရှမ်းပြည် အမျိုးသားရေး၇ာ လှူပ်ရှားမှူကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
          မကြာမှီက နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု တောင်ကြီးသို့ရောက်ရှိနေစဉ် ရှမ်းသူပုန် အရေးနှင့်ပတ်သက်၍ ဆွေးနွေးသည်ဟုကြားသိရသည်။ ရှမ်းသုပုန် အင်အား ဘယ်လောက် ရှိမည် ထင်သလဲ ဟု ဦးနုကမေးမြန်းရာ တာဝန်ခံ ပုဂ္ဂိုလ်တစ်ဦးက လက်နက်ကိုင်အင်အား ၂၅,၀၀၀ ခန့်ရှိမည်ဟု ဖြေကြားသည်ဟု တစ်ဆင့်စကားကြားသိရသည်။
          မည်သို့ပင်ဖြစ်စေ ရှမ်းသူပုန်အရေးသည် မသေးငယ် တော့ပေ။ ရှမ်းသူပုန်ထသည့် အရှေ့ပိုင်းဒေသနှင့် ကျွန်တော်နေထိုင်သည့် ဒေသမှည အလှမ်းဝေးလှသဖြင့် ရှမ်းသူပုန်အရေးနှင့်ပတ်သက်ပြီး နှိုက်နှိုက် ချွတ်ချွတ် ဘာမျှ မသိပါ။ ရှမ်းသူပုန်ထနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီ။ ယနေ့အထိ ၎င်းတို့၏ ၀ါဒလမ်းစဉ်နှင့် ပတ်သက်၍ ကြေငြာချက် တစ်စောင်တစ်လေမှ ကျွန်တော်မဖတ်ရသေးပါ။ ထိုအရပ်ဒေသမှ ရောက်ရှိလာသော မိတ်ဆွေသင်္ဂဟများထံမှ ကြားသိရသလောက်ဆိုလျှင် ရှမ်းသူပုန်တို့တွင်အခြေခံဝါဒ လမ်းစဉ်ဟူ၍ ရှိဟန်မတူပေ။ ဗမာမုန်းတီးရေးအပေါ်အခြေခံပြီးဖြစ်ပေါ်လာဟန်တူပေသည်။
          ရှမ်းသူပုန်အရေးနှင့်ပတ်သက်ပြီး ကျွန်တော်၏ နိုင်ငံရေးအရ တွေ့မြင်သုံးသပ်ချက်ကို စာတမ်းတစ်စောင်သပ်သပ်ရေးသားရန် ကြံရွယ်ထားခဲ့ပါသည်။ သို့သော် အဘက်ဘက်၏ အထင်မှားမှူ့ ငြိုငြင်မှူ့ကိုစိုးရိမ်၍ မရေးဖြစ်ခဲ့ပါ။
          ရှမ်းသူပုန်တို့တွင် သီးခြားသမ္မတနိုင်ငံ ထူထောင်လိုစိတ်ရှိကြသလို၊ ရှမ်းမျိုးချစ်ပုဂ္ဂုလိ မြောက်များစွာတို့တွင်လည်း သီးခြားသမ္မတနိုင်ငံရိုးသားစွာ ထူထောင်လိုသော ဆန္ဒ ယနေ့ပေါ်လွင်လျှက် ရှိလေသည်။
          လူမျိုးတစ်မျိုးသည် မြေဧရိယာ အဘယ်မျှသေးငယ်၍ လူဦးရေအဘယ်မျှ နည်းပါးစေကာမူ ကိုယ့်တိုင်းပြည်၊ ကိုယ့်လွတ်လပ်ရေး၊ ကိုယ့်အချုပ်အခြာ အာဏာဖြင့် နေထိုင်လိုကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
          ကျွန်တော့အားမင်းသီးခြားလွတ်လပ်တဲ့ သမ္မတနိုင်ငံ အဖြစ်မနေချင်ဘူးလားဟုမေးလျှင် နေချင်ပါသည်ဟုဖြေပါမည်။ သို့သော် ဤသည်မှာ ဆန္ဒပိုင်းမျှသာ ဖြစ်သည်။ တစ်ကဲ့ဖြစ်ရပ်နှင့် ဖြစ်နိုင်သည်က တစ်ခြားဖြစ်ပါသည်။
          လူမျိုးကွဲပြားတိုင်း သီးခြားနိုင်ငံတည်ထောင်ကြမည်ဆိုလျှင် ယနေ့ကမ္ဘာပေါ်တွင် သီးခြားနိုင်ငံပေါင်း ထောင်သောင်းမက ပေါ်ပေါက်လာပါမည်။ အနုမြူခေတ်၊ ဂြိုလ်တုခေတ်၊ ဒုံးပျံခေတ်တွင် နဂိုလ်ကွဲပြားနေသည့် နိုင်ငံများပင် တနည်းမဟုတ် တစ်နည်းဖြင့်ပူးပေါင်းလျှက်ရှိကြသည်။ တစ်နေ့တွင် သီးခြားတိုင်းပြည် သီးခြားအစိုးရ သီးခြားလူမျိုးပင်ရှိတော့မည်မဟုတ်ပါ။
          ရှမ်းအမျိုးသားများသည် ဗီဇဆန္ဒအလျောက် သီးခြားသမ္မတနိုင်ငံထူထောင်လိုကြသည်ကို မည်သူက အပြစ်တင်ဝန့်ကြမည်နည်း။ လူမျိုးကြီးဝါဒ ကင်းစင်သော ဗမာအမျိုးသားများကလည်း ကြည်ဖြူစွာ ခွင့်ပြုကြပေလိမ့်မည်။ ရှမ်းသီးခြား သမ္မတနိုင်ငံကို ရှမ်းအမျိုးသားများတွင် လိုချင်ဆန္ဒပြင်းပြလာသည်မှာ ကျဉ်းမြောင်းသော အမျိုးသားဝါဒ ကြောင့်ဖြစ်ပေါ်လာသည်မဟုတ်ပါ။
          ရှမ်းအမျိုးသားများတွင် နစ်နာချက်တွေရှိသည်။ ထိုနစ်နာချက်များတွင် သီးခြားသမ္မတနိုင်ငံသည် စတင်          ၍အမြစ်တွယ်လာသည်။ ဗမာလူမျိုးကြီးဝါဒနှင့် ဖိနှိပ်ရေးဝါဒသည် ဖွံ့ဖြိုးကြီးထွားလာအောင် မြေတောင်မြှောက်ပေးလိုက်သည်။
          လူမျိုးကြီးဝါဒသမားများသည် မိမိတို့မှားယွင်းသော ၀ါဒကိုမမြင်၊ ရှမ်းအမျိုးသားရေး ဆန္ဒကို နယ်ချဲ့ပယောဂ ဟူ၍၎င်း၊ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒဟူ၍၎င်းခေါ်ဝေါ်သမုတ်ကြသည်။ ကျွန်တော်နှင့်ရင်းနှီးသော အလံနီရဲဘော်တစ်ဦး၏ လက်သုံးစကားကဲ့သို့ရွှေတောင်ကြောင့်၊ ရွှေရောင်တောက်ရခြင်းပင်ဖြစ်ပါသည်။ ဗမာလူမျိုးကြီးဝါဒသည် ယနေ့ဗမာပြည်တွင်  လက်ျာဂိုဏ်းတွင်သာမက လက်ဝဲဂိုဏ်းတွင်ပေါ်ပေါက်နေသည်။
          ရှမ်းပြည်တွဲရေးခွဲရေး ပြသနာတွင်၎င်း၊ ဖဆပလ၊ ပထစ တွင် သာမက ပမညတ နှင့်တောတွင်းပါတီများထဲ၌ပင် လူမျိုးကြီးဝါဒရှိကြသည်။ ယနေ့ရှမ်းပြည်အမျိုးသားရေးကိစ္စတွင် လူ့စည်း ခွဲခြားပေးလိမ့်မည်။ ရှမ်းပြည်နယ် အမျိုးသားစိတ်ရှိသူ မှန်သမျှသည် ရှမ်းပြည်နယ်အတွက် နစ်နာချက်များရှိသည်ကို နားလည်ကြသည်။
          သူ့ရှူ့ဒေါင့်ကိုယ့်ရှူ့ဒေါင့်မှ နစ်နာချက်များဖော်ထုတ်ကြသည်။ အဖြေရှာကြသည်။ အချို့အစိတ်အပိုင်းက ဗမာကို နင်းကန်မုန်းပစ်လိုက်ကြသည် လက်နက်စွဲကိုင် သူပုန်ထကြသည။် ဗမာကိုဆို အကုန်သတ်ပစ်ချင်စိတ်ပေါ်လာသည်။ လုံချည်ဝတ်ထားလျှင် ရှမ်းတိုင်းရင်းသားများကိုပင် ချမ်းသာမပေး သတ်ပစ်လိုက်သည်။ အချို့အစိတ်အပိုင်းသည် တော်ခို သူပုန်မထသော်လည်း ရှမ်းပြည်အခြေအနေကို အင်္ဂလိပ်နယ်ချဲ့သို့ ပခုံးပြောင်းလိုက်တာပဲဟုမြင်ကြသည်။
          အချို့ကလည်း ရှမ်းပြည်သည် ကိုယ်ပိုင်ပြဌါန်းခွင့် အသင့်အတင့်ရှိသည်။ ဗမာကိုလိုနီဟု မခေါ်ဆိုနိုင်သော်လည်း ရှေးခေတ်ပဏ္ဍာဆက်နိုင်ငံ အဆင့်လောက်တွင်ရှိသည် ဟုဆိုသည်။ ယင်းသို့ အမျိုးမျိုး ကွဲပြားနေသော ဥပဒေဘောင်တွင်းရှိ ရှမ်းပြည် အမျိုးသားရေးသမားများသည် ယနေ့ဆုံစည်းလာကြသည်။ အံ့သြဘွယ်ရာ တူညီသော ပြသနာတစ်ခုကိုတွေ့မြင်လာကြသည်။
          ထိုပြသနာကား အခြားမဟုတ်။
          ယနေ့ရှမ်းပြည်၊ ဗမာပြည် ပူးပေါင်းပုံ ပူးပေါင်းနည်းသည် ရှမ်အမျိုးသားတို့၏ ဆန္ဒနှင့်ကိုက်ညီသော ပူးပေါင်းနည်းမဟုတ်၊ ပြည်ထောင်စုဖွဲ့သည် ပုံနည်းစနစ်လည်းမမှန်ကန်၊ အာဏာခွဲဝေမှု့လည်းမမျှတ ဟူ၍ တစ်ညီတစ်ညွတ်တည်းဖော်ထုတ်လာကြ၏။ တူညီသော ပြသနာအတွက် တူညီသော အဖြေရရန် စုပေါင်း၍ အဖြေရှာနေကြလေပြီ။
          ရရှိမည့်အဖြေသည် ပြည်ထောင်စုအတွက်အကျိုးရှိမည်လော၊ အကျိုးမဲ့မည်လောဟူသည်ကို အခြေအနေ အရပ်ရပ်ကအဆုံးအဖြတ်ပေးကြပေမည်။
          ဗမာပြည်ရှိပါတီအဖွဲ့အစည်းများသည် ကိုယ်ချင်းစာတရားလက်ကိုင်ထား၍ ကူညီဖေးမကြလျှင် ပြည်ထောင်စု အတွက် အကျိုးရှိမည့်အဖြေထွက်လာပေမည်။ သို့မဟုတ်ဘဲ လူမျိုးကြီးဝါဒ လက်ကိုင်ထား၍ ဖိနှိပ်ဖျက်ဆီးလျှင် ပြည်ထောင်စုအတွက် အကျိုးမဲ့သော အဖြေထွက်လာပေလိမ့်မည်။
          လွန်ခဲ့သည့်အောက်တိုဘာလအတွင်းက ကျင်းပခဲ့သော ပါလီမန်ပြည်သူ့လွှတ်တော် ညီလာခံတွင်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကို  ပြန်လည်စိစစ်ရန်ကိစ္စ ပေါ်ပေါက်လာခဲ့သည်။
          လွန်ခဲ့သည့်အောက်တိုဘာလအတွင်းက ကျင်းခဲ့သောပါလီမန်ပြည်သူ့လွှတ်တော် ညီလာခံတွင် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်စိစစ်ရန်ကိစ္စ ပေါ်ပေါက်လာခဲ့သည်။
          မူလက တရုတ် ဗမာ နယ်ခြားသတ်မှတ်ရေးကိစ္စ၊ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ ပြုလုပ်ရေးကိစ္စနှင့် အခြားကိစ္စ - ရပ် အတွက် သာ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း၊ ကယား အမျိုးသား တွင်လည်း ၎င်းတို့နှင့် သက်ဆိုင်သော ကဏ္ဍများအတွက် အခြေခံဥပဒေကို ပြင်ဆင် လိုလာကြသည်။
          ထိုအခြေအနေအထိပြသနာ သိတ်မကြီးလှသေးပါ။ သို့ရာတွင် ပြသနာအရပ်ရပ် ညှိနှိုင်းရာမှ လူမျိုးစုတိုင်း တန်းတူညီမျှမှူ့မရှိသည်ကို ၎င်း၊ ဖွဲ့စည်းပုံစနစ် မမှန်ကန်သည်ကို တွေ့မြင်ကြကာ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံတစ်ခုလုံးကို ပြင်ဆင်လိုကြသည် အထိကြီးကျယ်လာခဲ့သည်။
          ပြည်ထောင်စုအစိုးရက ၀န်ကြီးဒေါက်တာအေးမောင် ခေါင်းဆောင်သော အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်သည်။ ပြည်နယ်ဝန်ကြီးများ ပါဝင်သော ပြည်နယ်များ ပြန်လည်သုံးသပ်ရေး ကော်မီတီဖွဲ့ကာ ပြည်နယ်လူထုများထံမှ အကြံပေးချက်များကို ကြေငြာတောင်းခံခဲ့သည်။ ရှမ်းပြည် ဥက္ကဌ စပ်ခွန်ချိုက ထိုတက်တစ်ဆင့်တက်၍ ကျယ်ပြန့်စွာဆောင်ရွက်ခဲ့သည်။ ရှမ်းပြည်နယ် အမတ်များအားလုံး၊ အမတ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစီ၊ ရှမ်းပြည်ရှိ ပါတီအဖွဲ့အစည်းများ အားလုံးမှ ကိုယ်စားလှယ် ဦးစီနှင့် ရှမ်းပြည်ရေးတွင်စိတ်ပါသော တစ်သီးပုဂ္ဂလများနှင့်တစ်ကွ ပင်လုံစာချုပ်ရေးထိုးခဲ့သော ပုဂ္ဂိုလ်များ၊ ယခင်တိုင်းပြုပြည်ပြုလွှတ်တော် အမတ်များ အားလုံးကို ဖိတ်၍ အမျိုးသားညီလာခံ သဘောမျိုး ကျင်းပခဲ့သည်။
          ထိုညီလာခံသဘင်သို့ တက်ရောက်သော ကိုယ်စားလှယ် အားလုံးကပင် လက်ရှိဖွဲ့စည်းပုံစနစ်ကို မကြိုက်ကြပါ။ ပိုမိုတိကျသော ပြည်ထောင်စုစနစ် (Federation) ကိုလိုချင်ကြောင်းတင်ပြကြသည်။
          အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွင် တစ်မျိုးသားလုံးသည် တစ်စည်းတစ်လုံးရှိကြသည့်အတိုင်း တူညီသော အခြေခံမူ ကို ညှိနှိုင်းပြီး အခြေခံဥပဒေ ကို လိုအပ်သလိုပြင်ဆင်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအား အကြံပေးရန်ပါတီအဖွဲ့အစည်းတစ်ခုလျှင် ကိုယ်စားလှယ် ၃ဦးစီ နှင့် တစ်သီးပုဂ္ဂလ () ဦး ပါဝင်သော ကော်မတီတစ်ရပ် ကို ထိုညီလာခံ သဘင်မှ ဖွဲ့စည်းမှ ဖွဲ့စည်းလိုက်သည်။ ထိုကော်မတီသည် လုပ်ငန်းများ စတင်လျှက်ရှိပေသည်။ လူမျိုးတိုင်း တန်းတူညီမျှမူပေါ်တွင် အခြေခံသော ပြည်ထောင်စု မူပေါ်တွင် အခြေခံသော ပြည်ထောင်စု မူကို ရှာဖွေကြလိမ့်မည် ဟု ကျွန်တော် ထင်သည်။
          မည်သို့ပင်ဖြစ်စေ အမျိုးသား ညီလာခံသဘင်တွင် အများဆန္ဒပြင်းပြသည့် သီးခြား ရှမ်းသမ္မတနိုင်ငံကို နောက်သို့ပို့လိုက်ပြီး တန်းတူညီမျှသည့် ပြည်ထောင်စုမူကို လိုလားကြသည်မှာ ကောင်းသော လက္ခဏာဟု ကျွန်တော်မြင်ပါသည်။ အမှန်မှာ ကျွတ်တော်တို့တတွေသည် ၁၉၄ရ ခုနှစ်က အလုပ်ကို ယခုမှ လုပ်နေကြရပါသည်။
          ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော် တွင် ကျွန်တော်တို့သည်
() နိုင်ငံရေးအတွေ့အကြုံနုနယ်သေးခြင်း
() ဥပဒေကျွမ်းကျင်မှု မရှိသေးခြင်း
() ဖဆပလ ခေါင်းဆောင်များပေါ် ယုံကြည်ကိုးစားမှု့လွန်ကဲခြင်း
() တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးရရန်သာ ဇောကြီးနေခြင်းကြောင့် လက်ရှိ အခြေခံဥပဒေကို ခပ်ပေါ့ပေါ့ ပင်လက်ခံလိုက်ကြသည်။
          နယ်ချဲ့လက်အောက်က အမြန်ဆုံးလွတ်ရန်သာ အရေးကြီးသည်၊ နယ်ချဲ့မရှိသည့် နောက်ပိုင်း သွေးရင်းသားရင်း၊ ညီအကို အချင်းချင်း မူတင်းပဲတင်းလုပ်ကြလိမ့်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။
          လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင်ကား ထိုသို့မဟုတ်ပါ။ ပင်လုံညီလာခံနှင့် တိုင်းပြုပြည်ပြုလွှတ်တော်တွင် ထားရှိခဲ့သော စိတ်ထားများ ပပျောက်ကုန်ပြီး ဥပဒေစကားလုံးများကိုသာ အတိအကျပြောဆိုလာကြပေသည်။
          ပြည်ထောင်စုထောက်ပံ့ကြေးနှင့်ပတ်သက်၍ ပြည်နယ်များ အထူးသဖြင့် ကျွန်တော်တို့ရှမ်းပြည်နယ်တွင်  မကြာခဏဆိုသလို ပွစိပွစိ ဖြစ်သည်ကို အကြောင်းပြုပြီး ဗိုလ်ခင်မောင်ကလေး ဘဏ္ဍာရေးဝန်ကြီး အဖြစ်ဆောင်ရွက်နေစဉ်က Cabinet အဖွဲ့သို့ စာတမ်းတစ်စောင် တင်ပြသည်ဟုသိရသည်။ ဗိုလ်ခင်မောင်ကလေးက ၎င်းစာတမ်းတွင် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အာဏာ ခွဲဝေမှု့ဇယားများကို အခြေခံကာ တွက်ချက်ပြီး ပြည်ထောင်စုအစိုးရသည် ရှမ်းပြည်အားပေးရန် တာဝန်ဘာမျှမရှိသည် သာမက ရှမ်းပြည်ကပင် ပြည်ထောင်စုအစိုးရသို့ နှစ်စဉ် သိန်း ၅၀ ကျော်ပြန်ပေးရဦးမည် ဟုဖော်ပြထားကြောင်းကြားသိရသည်။ လက်ရှိဖွဲ့စည်းပုံစနစ်နှင့် ဇယားများအရ ဗိုလ်ခင်မောင်ကလေး၏ တွက်ချက်မှု့သည် မှန်ကောင်းမှန်ပေလိမ့်မည်။
          လက်ရှိဖွဲ့စည်းပုံစနစ်တွင် ဗမာပြည်နယ်နှင့် ဗမာအစိုးရ ဟူ၍ သီးခြားမရှိဘဲ ဗမာအစိုးရသည် ပြည်ထောင်စုအစိုးရနှင့် လုံး၍ထားလိုက်သည်။ ဗမာပြည်နယ်၊ ဗမာအစိုးရဟူ၍ သီးခြားမထားရှိသည့်အတွက် ဗမာပြည်နယ်နှင့် ဗမာအစိုးရအတွက် သီးခြားအသုံးစရိတ်များလည်းသီးခြားမရှိပေ။ များသောအားဖြင့် ပြည်ထောင်စု အသုံးစရိတ်အဖြစ် လုံး၍ ပြထားလိုက်ရာ ပြည်နယ်အားလုံးနှင့်ဆိုင်သည့် အခွန်တော်ရငွေမှ ပြည်နယ်များရရန် မရှိတော့ဘဲ ဗိုလ်ခင်မောင်ကလေးတင်ပြသကဲ့သို့ ပြည်နယ်များက ပြန်၍ပင် ပေးရဦးမလိုလိုဖြစ်နေသည်။
          ရှမ်းပြည်နယ် အစိုးရတွင် ပြည်တွင်းအခွန်တော်ကလည်းဘာမှ မရ၊ ပြည်ထောင်စုထောက်ပံ့ကြေးကလည်း မလောက်မငှ ဖြစ်နေ၍ ၀င်ငွေပိုလာရန် ရှမ်းပြည်တွင် စီးကရက် စက်တစ်စက် တည်ထောင်ရန် ကြံစည်ခဲ့သည် ဟုဆိုသည်။ ထို စီးကရက် စက်တစ်စက် တည်ထောင်လျှင် တစ်နှစ်လျှင်ဝင်ငွေ သိန်းပေါင်းတရာ ခန့် ရရှိမည်ဟုခန့်မှန်းကြသည်။၏
          နှစ်စဉ် ပြည်ထောင်စုထောက်ပံ့ကြေးရော ပြည်တွင်းအခွန်တော်ပါမှ သိန်းပေါင်း ၂၀၀ခန့် သာဝင်ငွေရှိသော ရှမ်းပြည်နယ် အစိုးရအဖို့ တစ်နှစ်သိန်း ၁၀၀ ၀င်ငွေ ပိုရှိလျှင် ပြည်သူ့အကျိုးပြုလုပ်ငန်း မြောက်မြားစွာလုပ်နိုင် လာမည် မဟုတ်ပါလော။ သို့သော် ထို စီးကရက်စက် စီမံကိန်းနှင့်ပတ်သက်၍ ဗမာ အာဏာပိုင်များက ရှမ်းပြည်မှာ ခင်ဗျားတို့ စီးကရက်တည်ချင်တည်နိုင်တယ်၊ ဒါပေမဲ့ အဲဒီစီးကရက်စက်က ထွက်လာတဲ့ စီးကရက်တွေကို ဗမာပြည်လာမရောင်းရဘူး၊ လာရောင်းရင် ကျုပ်တို့ အခွန်ကောက်ရမယ်ဟု ပြော သည့်အတွက် ထိုစီမံကိန်းပျက်သွားသည်ဟုကြားသိရသည်။
          လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ် အစိုးရသည် စက်ရုံ အလုပ်ရုံ၊ သတ္တုတွင်းလုပ်ငန်းများ လုပ်နိုင်ခွင့်မရှိဟု သိနားလည်ခဲ့သည်။ ယခု ပြည်ထောင်စု အစိုးရ ခေတ်ကျမှ ဒေါက်တာအေးမောင်က လုပ်နိုင်ခွင့်ရှိကြောင်းပြောသည်ဟု သိရသည်။ သို့သော် ထိုစက်ရုံ၊ အလုပ်ရုံ၊ သတ္ထုတွင်းများ လုပ်ကိုင်ရန် ငွေရင်းရှာဖွေခွင့်နှင့်ထုတ်ကုန် ပစ္စည်းများ ဗမာပြည်သို့လွှတ်လပ်စွာ ရောင်းခွင့်မရှိလျှင် ဦးအေးမောင်၏ လုပ်နိုင်ခွင့်ရှိသည်ဆိုခြင်းသည် မည်သို့အဓိပ္ပါယ်ရှိပါတော့ပါမည်နည်း။
          ရှမ်းပြည်တွင် စက်မှု့လုပ်ငန်းများ မထွန်းကားသေး၍ ကုန်ကျစရိတ်ကာမိမည် မဟုတ်သဖြင့် လောပီတ လျှပ်စစ်ဓါတ်အားကို ရှမ်းပြည်သို့လွှတ်ပေးနိုင်မည် မဟုတ်ကြောင်း ၀န်ကြီး ဦးရာရှစ်ကပြော သည် ဟုဆိုသည်။ ဤသည်တို့ကား လက်ရှိဖွဲ့စည်းအုပ်ချုပ်ပဲ အခြေခံဥပဒေနှင့် ဗမာလူမျိုးကြီးဝါဒတို့ကြောင့် ရှမ်းပြည် အမျိုးသား အပေါင်းတို့သည် အခြေခံဥပဒေကို သဲသဲမဲမဲ ပြင်ဆင်ရန်ကြိုးပမ်းကြသည်မှာ သဘာဝလည်းကျသည်၊ တရားလည်းတရားသည်ဟု ကျွန်တော် ထင်ပါသည်။
          ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး (၀ါ) တန်းတူညီမျှ၍ တစ်ပြေးညီစွာ တိုးတက်လာသော ပြည်ထောင်စု ဖြစ်ပေါ်လာရေးအပေါ်တွင်ရှမ်းပြည် အမျိုးသား အပေါင်းတို့သည် အမျိုးသားညီညွှတ်ရေးကို တစ်စည်းတစ်လုံးတည်းတည်ဆောက်လိုက်ကြပေပြီ။ အမျိုးသားညီညွှတ်ရေးကြီးသည် ခိုင်မာကြီးထွား လျှက်ရှိလေသည်။ ဗမာလူမျိုးကြီးဝါဒ၏ လက်ပါးစေများသည် ဤအမျိုးသားရေး ညီညွှတ်ရေး ကြီးကို ဖြိုခွဲရန်ကြိုးပန်းကြပေလိမ့်မည်။
          ဗမာ ပြည်သူလူထု အပေါင်းသည် ပြည်ထောင်စုတည်မြဲရေးကို ကြီးစွာအန္တရာယ်ပြုသော ဗမာလူမျိုးကြီးဝါဒကို ၀ိုင်းဝန်းတိုက်ဖျက်ကာ တန်းတူညီမျှ၍ တပြေးညီစွာ တိုးတက် သော ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ရိုးသားစွာကြိုးပမ်းနေသော ကျွန်တော် တို့ရှမ်းပြည်အမျိုးသားများအား ဖေးမကူုညီလိမ့်မည်ဟုမျှော်လင့်ပါသည်။
          ကျွန်တော့အနေဖြင့် တန်းတူညီမျှ၍တစ်ပြေးညီစွာတိုးတက်သောပြည်ထောင်စုကြီးပေါ်ပေါက်ရေးကို အထောက်အကူပြုစိမ့်သောငှာ နိုင်ငံပေါင်း ၂၀ ကျော် ဖွဲ့စည်းပုံ စနစ်နှင့် ကမ္ဘာ့ဥပဒေပညာရှင်ကြီးများ၏ စာအုပ်စာတမ်းများကို မှီငြမ်းပြုကာ ရှမ်းပြည် တစ်မျိုးသားလုံး လိုလားသောပြည်ထောင်စုစနစ် ဆောင်းပါးကို ဆက်လက်ရေးသားဖော်ပြလိုက်ပါသည်။
          ကျွန်တော်သည် ဥပဒေပညာ တတ်ကျွမ်းနားလည် သူမဟုတ်သည့်အားလျော်စွာ ကျွန်တော်၏ဆောင်းပါးတွင် အဓိပ္ပါယ်ဖော်ပြချက်နှင့် ဥပဒေကိုးကားချက်များမှားယွင်း နေပါလျှင် ဥပဒေပညာရှင်များသည် ကျွန်တော့အား ခွင့်လွှတ်ကြပါရန် လေးစားစွာ ကြိုတင် တောင်းပန် ထားအပ်ပါသည်။
                                      ***************************
ဆက်လက်ဖော်ပြပါမည်။….
(နိုင်ငံ့အရေးကို လူမျိုးရေးနှင့်ရောထွေးပါက မငြိမ်းသောမီးဆက်လက်၍ဖြစ်ပေါ်နေမည်မှာမလွဲဧကန် ပင် ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး လူမျိုးရေးတိုက်ပွဲမှ လွတ်ငြိမ်းကြပါစေ” “တရားသောစစ်အောင်မြင်နိုင်ကြပါစေ”)
No comments:
Post a Comment
Post နဲ့ ပတ်သက်ပြီးထင်မြင်ချက်များကို ရေးသွားနိင်ပါတယ်၊